ပန်းချီ စိုးနိုင် အတွေးကမ္ဘာထဲမှာ နစ်မျော ‌ ဈာန်ဝင်နေခြင်း

 ပန်းချီ စိုးနိုင်  အတွေးကမ္ဘာထဲမှာ နစ်မျောဈာန်ဝင်နေခြင်း
ဆရာစိုးနိုင် နှင့် ကျွန်တော်
ထွန်းအောင် (ဦး)
 
ပန်းချီစိုးနိုင်၏ ဖန်တီးမှုများသည် အများနဲ့မတူ တမူထူးခြားဆန်းကြယ်ပြီး အတွေးပေါင်းမြောက်များစွာနှင့် ခံစားချက်မျိုးစုံကို ပေးစွမ်းနိုင်ပါသည်။ ပန်းချီကားရဲ့ အဓိပ္ပာယ်ဟာလည်း နက်ရှိုင်းလွန်းလှပါသည်။ သူ၏ပန်းချီကားများထဲမှ ပုံသဏ္ဌာန်မျိုးစုံသော လူ၊ တိရိစ္ဆာန်နှင့် ဆန်းပြားသော သတ္တဝါလေးများသည် လူသားတို့၏ ဗီဇ၊ စရိုက်နှင့် စိတ်ဓာတ်မျိုးစုံကို သွယ်ဝိုက်၍ သရုပ်ဖော်ထားခြင်း ဖြစ်သည်။ သေချာစွာ စိုက်ကြည့် ခံစားမိသည့်အခါ အဆိုပါ သတ္တဝါလေးများ၏ မျက်နှာအမူအရာများတွင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် မာန်မာနထောင်လွှားခြင်း တို့သည် ပန်းချီကားချပ်ထဲတွင် သွက်လက်ချက်ချာစွာဖြင့် သက်ဝင်လှုပ်ရှားနေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ သတ္တဝါလေးများရဲ့ မျက်စိအစက်ကလေးများကအစ အသက်ဝင်ကာ အတွင်းစိတ် ခံစားချက် အဓိပ္ပာယ် အမျိုးမျိုးကိုဖော်ဆောင် ပေးနေပါသည်။
 
ဆရာစိုးနိုင်၏ မွေးရာပါ အနုပညာပါရမီနှင့် ရင့်ကျက်ကျွမ်းကျင်မှုတို့ကြောင့် ၎င်း၏ စုတ်ချက်၊ ဓားချက်များမှာ အံ့ဩမှော်ဆန်လွန်းလှပါသည်၊၊ ဆွဲချက်တစ်ချက်ချင်းစီတိုင်းတွင် အဖိအဖော့၊ အထူအပါး၊ အနုအရင့်နှင့် အပျော့အမာတို့ မျှတညီညွတ်လှပြီး အပိုအလိုမရှိဘဲ ပြည့်စုံကွက်တိ ရှိလှပါသည်။
 
အချို့သော ပန်းချီကားများ၌ အရောင်တစ်ရောင်တည်းကို သော်လည်းကောင်း၊ ဆန့်ကျင်ဘက်အရောင်များနှင့် ဆေးရောင်စုံတို့၏ ရောယှက်မှုကို သော်လည်းကောင်း အနေအထားနှင့် အလင်းအမှောင် အယူအဆတို့ဖြင့် ဟန်ချက်ညီလွန်းစွာ ဖန်တီးထားသည်။ ကြည့်ရှု့သူကို အကြိမ်ကြိမ်တိုင်းတွင် မတူညီသော အတွေးသစ်၊ ခံစားချက် အသစ်များဆီသို့ ခေါ်ဆောင်သွားတတ်ပြီး မည်သည့်အဓိပ္ပာယ်က အဆီလျော်ဆုံးဖြစ်မည်ကို စဉ်းစားဆင်ခြင် သုံးသပ်ရင်း အတွေးကမ္ဘာထဲတွင် ဈာန်ဝင် နစ်မျောသွား စေတတ်သည်။
 
ထိုပန်းချီကားများကို ကြည့်ရှု့ခံစားရင်း ရှုပ်ထွေးလှသော လူ့လောကအကြောင်းကို ပိုမိုနားလည်လာကာ ဘဝအတွက် ဆောင်ရန်၊ ရှောင်ရန် အသိတရားများစွာ  ရရှိလာမိသည်။ အကောင်းမြင်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့် အသိဉာဏ်ပိုမို ပြည့်စုံလာစေသည့်အတွက် ၎င်းကို 'လောကနိယာမကို ဖော်ညွှန်းသည့် ပန်းချီကား' ဟု သတ်မှတ်လျှင် လွန်အံ့မည်မထင်ပေ။
 
"ဆရာစိုးနိုင်၏ လက်ရာအချို့ကို ကမ္ဘာကျော် Neo-Expressionism အနုပညာရှင်ကြီးများဖြစ်ကြသည့် Willem de Kooning၊ Georg Baselitz နှင့် Jean-Michel Basquiat တို့၏ ဖန်တီးမှုပုံစံများနှင့် နှိုင်းယှဉ်၍ အကြမ်းဖျင်း ဆင်တူသည်ဟု ထင်မှတ်ရနိုင်ပါသည်။ သို့သော်လည်း အနုစိတ်၍ သေချာစွာ ခံစားကြည့်လျှင်မူ ဆရာစိုးနိုင်၏ တမူထူးခြားကွဲပြားသော ကိုယ်ပိုင်ဟန်နှင့် စစ်မှန်သော အနုပညာဝိညာဉ်ကို ထင်ရှားစွာ တွေ့ရှိနိုင်ပါသည်။
 
ဤခံစားချက်များသည် ကျွန်ုပ်၏ တစ်ကိုယ်ရေ အမြင်သက်သက်မျှသာ ဖြစ်သော်လည်း၊ လက်တွေ့တွင် ဆရာစိုးနိုင်၏ ပန်းချီကားများသည် အလွန်ထူးခြားဆန်းကြယ်လှပါသည်။ ၎င်းလက်ရာများသည် ကြည့်ရှုသူ တစ်ဦးချင်းစီ၏ အတွေးအမြင် ခံယူချက်နှင့်အသက်အရွယ်အလိုက်ဖြစ်စေ မိမိဖြတ်သန်းခဲ့ရသော ဘဝနောက်ခံသမိုင်းတို့အပေါ် မူတည်၍ တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူကွဲပြားသော အဓိပ္ပာယ်ဖွင့်ဆိုချက် မျိုးစုံကို ပေးစွမ်းနိုင်စွမ်း ရှိပါသည်။
 
ပန်းချီကားကို ကြည့်ပြီး မိမိကြိုက်နှစ်သက်ရာ မည်သည့် အဓိပ္ပာယ်ဖွင့်ယူသည်ဖြစ်စေ အရေးကြီးဆုံးမှာ စိတ်ချမ်းမြေ့ ပျော်ရွှင်ဖို့သာ ဖြစ်ပါသည်။ သူ့အမြင်နှင့်သူ သူ့ခံစားချက်နှင့်သူအားလုံး မှန်ကန်နေကြသည်ချည်း ဖြစ်ပါသည်၊၊ ဆုံးဖြတ်ချက် အဖြေသည် ကြည့်ရှု့
သူပေါ်မှာပဲ မူတည်ပါသည်၊၊
 
ဆရာစိုးနိုင်၏ အနုပညာရှင်ဘဝမှာ အလွန်ရိုးရှင်းဖြူစင်လှ ပါသည်။ ဆယ်ကျော်သက် အရွယ်မှစ၍ အသက် (၆၃) နှစ် ကွယ်လွန်ချိန်အထိ ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသော အခက်အခဲဟူသမျှကို ပန်းချီအနုပညာတစ်ခုတည်းဖြင့် ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့သူ ဖြစ်သည်။
 
ထို့ကြောင့်လည်း ဆရာ့လက်ရာများသည် ပြည်တွင်း၊ ပြည်ပ အနုပညာလောက တစ်ခု လုံး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး၊ မြန်မာ့ခေတ်ပြိုင်အနုပညာလောကအတွက် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များစွာ ချန်ရစ်ပေးခဲ့သည့် ဂုဏ်ယူဖွယ်ရာ ပါရမီရှင် (Genius) အနုပညာရှင်တစ်ဦးဟု တင်စားလျှင် လုံးဝမမှားနိုင်ပါ၊၊
 
ထွန်းအောင် (ဦး)
ပန်းချီကား စုဆောင်းသူ၊ အိုကေ အနုပညာပြခန်းပိုင်ရှင်
 
 **English Version**
 
Immersing and Drowning in the Thought World of Artist Soe Naing
Sayar Soe Naing and I
Tun Aung (U)
 
Artist Soe Naing’s paintings evoke countless thoughts in viewers and offer various types of emotional resonance. His creations are uniquely distinct from others, holding profoundly deep meanings. In his paintings, the human figures, animals, and strange little creatures he creates express and represent human morality, mindset, behavior, virtues, and vices through art. Upon careful and repeated viewing, one can truly feel the lively, energetic, and active expressions of these small creatures—ranging from joy, sadness, anger, anxiety, exhaustion, and pride to a wide array of facial expressions. Starting from the tiny black dots of the creatures' eyes, a vivid sense of life is brought forth, conveying a diverse range of inner emotional meanings.
 
Sayar Soe Naing’s sophisticated strokes and dots are so infused with his artistic talent and maturity that each individual touch is filled with strength and essence. Through a flawless composition of additions, essentials, subtleties, and bold strokes, his work stands as absolute perfection.
 
Whether some paintings are rendered in a single monochromatic color or composed of contrasting and multi-colored combinations, their posture, light, shadow, and perspectives are exceptionally well-balanced. Every single time one looks at them, new thoughts and fresh feelings emerge repeatedly. Because it prompts deep contemplation and analysis as to which meaning is the most fitting, it draws the viewer into a world of thoughts, leaving them completely immersed and captivated.
 
While viewing his paintings, one begins to deeply understand and realize the complex nature of human society, gaining a profound awareness of what to embrace and what to avoid in life. It fosters a mindset of positive outlook, forgiveness, and critical reflection. His works can truly be defined as "Lokaniti" (cosmological/moral guidance) paintings.
 
Although some of Sayar Soe Naing’s artworks may be considered similar in form and creative style when compared to the works of world-renowned Neo-Expressionist masters such as Willem de Kooning, Georg Baselitz, and Jean-Michel Basquiat, a meticulous and detailed examination reveals that Sayar Soe Naing possesses a uniquely distinct personal balance and a highly prominent individual artistic identity.
 
The reflections mentioned above are merely my personal perspectives. In truth, Sayar Soe Naing’s paintings are extraordinarily unique. The impressions felt by each individual viewer are completely distinct and different from one another. Various interpretations can emerge depending on the thoughts, vision, and perception of the person viewing his art. This is because I believe these interpretations are highly relevant to, and based upon, each individual's own age, personal thoughts, vision, perception, and the life experiences they have passed through.
 
When looking at a painting, whether one interprets it according to their own preference or however they wish, the most important thing is to find mental relief and peace of mind. Everyone is correct in their own view and in their own feelings.
 
Saya Soe Naing’s life as an artist is incredibly simple and pure. From his youth in his twenties until his passing at the age of 63, he stood firmly with art as his sole companion, overcoming all of life’s numerous hardships.
 
Therefore, it is no exaggeration to honor him as a genius artist who left behind a vast legacy of magnificent treasures for the contemporary Burmese art world, with his creations being highly recognized and acclaimed across both local and international art communities.
 
Tun Aung (U)
Collector & Owner of OK Art Gallery